Tue Dec 31 2024 • 1 mins read
Y2K bug ဒါမှမဟုတ် Millennium bug လို့ခေါ်တဲ့ တကမ္ဘာလုံးဆိုင်ရာ ကွန်ပျူတာ ချို့ယွင်းမှုတခုဟာ ၂၀ ရာစု မပြောင်းခင်မှာ ဖြစ်ပွါးခဲ့ပါတယ်။ အဆိုပါ ပြဿနာဟာ ကမ္ဘာတဝှမ်းက အသုံးပြုသူတွေ၊ developer တွေကြား Dec 31, 1999 ခုနှစ် ညသန်းခေါင်မတိုင်ခင်အထိ တော်တော်လေး ဂယက်ရိုက်ခတ်စေခဲ့ပါတယ်။
၁၉၆၀ နဲ့ ၁၉၈၀ ခုနှစ်တွေကြားမှာ ရေးသားခဲ့တဲ့ ကနဦး ကွန်ပျူတာ ပရိုဂရမ်အားလုံးနီးပါးဟာ ခုနှစ်သဣရာဇ်တွေကို သိမ်းဆည်းဖို့အတွက် digit နှစ်လုံးကိုသာ အသုံးပြုခဲ့ကြဟန်တူပါတယ်။ ဥပမာ၊ ၁၉၇၀ ခုနှစ်လို့ သိမ်းဆည်းရမယ့်အစား ၇၀ လို့ သိမ်းဆည်းခဲ့ကြတာပါ။ ဒါကလည်း အဲဒီခေတ်အခါက ကွန်ပျူတာတွေရဲ့ storage တွေ၊ memory တွေဟာ ကုန်ကျစရိတ် များပြားတာ၊ ထိန်းသိမ်းရတဲ့နေရာ အများအပြား လိုအပ်တာ စတာတွေကြောင့်ဖြစ်ပါတယ်။
၂၀၀၀ ခုနှစ်ကို ရောက်လာတဲ့အခါမှာတော့ ပညာရှင်တွေက ကွန်ပျူတာတွေဟာ ၂၀၀၀ ခုနှစ်ရဲ့ နောက်ဆုံး ၀၀ နှစ်လုံးကို ၁၉၀၀ အဖြစ် မှတ်ယူသိမ်းဆည်းသွားနိုင်ကြောင်း သဘောပေါက်လာခဲ့ပါတယ်။ ဒါဟာ နေ့စဉ် အသုံးပြုနေတဲ့ ပရိုဂရမ်အားလုံးကို ပရမ်းပတာဖြစ်သွားစေနိုင်ပါတယ်။ ဆိုလိုတာက ဒီဇင်ဘာ ၃၁၊ ၁၉၉၉ ခုနှစ်ကနေ ဇန်နဝါရီ ၁၊ ၂၀၀၀ ခုနှစ် ပြောင်းသွားခဲ့ရင် ကွန်ပျူတာတွေဟာ ၂၀၀၀ ခုနှစ်ကို ၁၉၀၀ ခုနှစ် အဖြစ်ယူဆသွားမှာလို့ ဆိုလိုတာပါ။ ဆိုတော့ ကွန်ပျူတာပေါ်မှာ မှီခိုနေတဲ့ တွက်ချက်မှုတွေ၊ ဒေတာ သိမ်းဆည်းမှုတွေ၊ နေ့စွဲရက်စွဲတွေ အားလုံးဟာ မှားယွင်းသွားနိုင်တာဖြစ်ပါတယ်။ ဥပမာ၊ ရက်စွဲပေါ်မှုတည်ပြီး အတိုးနူန်းတွက်ချက်တာ၊ သက်တမ်းကုန်ဆုံးရက်တွက်ချက်တာ၊ စာရင်းဇယားတွက်ချက်တာစသည်ဖြင့် တော်တော်များများဟာ မှားယွင်းသွားနိုင်ပါတယ်။အထူးသဖြင့် ငွေကြေး အဝင်အထွက်တွေ၊ ဘဏ်တွေ၊ အစိုးရ ဝန်ဆောင်မှုတွေ၊ power station တွေ၊ ပို့ဆောင်ဆက်သွယ်ရေးတွေ စသဖြင့် အာလုံးဟာ ပရမ်းပတာဖြစ်ပြီး နှောင့်နှေးကြန့်ကြာသွားနိုင်ပါတယ်။
ဒီပြဿာနာဟာ ဆော့ဝဲတွေအတွက်ရော၊ ဟက်ဝဲတွေအတွက်ရော ဖြစ်ပွါးနိုင်ပါတယ်။ ဒါကြောင့် နည်းပညာ ကုမ္မဏီကြီးတွေနဲ့ အစိုးရအဖွဲ့အစည်းတွေဟာ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ အရိုးရှင်းဆုံးအဖြေကတော့ ခုနှစ်သဣရာဇ်တွေကို four digit အဖြစ်ပြောင်းလဲ သိမ်းဆည်းပေးဖို့ပါပဲ။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကတော့ ဒီပြဿနာကို အလေးထား ဆောင်ရွက်နိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ကွန်ပျူတာစနစ်တွေအတွက် ကြီးကြီးမားမား အနှောင့်အယှက် ဖြစ်မသွားခဲ့ပါဘူး။ အဆိုပါ Y2K bug ကို fix လုပ်ဖို့ အနည်းဆုံး ၃၀၀ ဘီလီယံကနေ ၆၀၀ ဘီလီယံအထိ ကုန်ကျခဲ့တယ်လို့ဆိုပေမယ့် သိသိသာသာ ဆုံးရှုံးနှောင့်နှေးမှု မရှိခဲ့တဲ့အတွက် လူတော်တော်များများက ကောလဟာလအဖြစ်သာ မှတ်ယူခဲ့ကြတာဖြစ်ပါတယ်။