Tue Dec 31 2024 • 1 mins read
JavaScript ဟာ Web တခုလုံးပေါ်မှာ အများဆုံး အသုံးပြုထားတဲ့ programming language ဖြစ်ပါတယ်။ ၉၀ ခုနှစ်ဝန်းကျင်လောက်မှာ scripting tool တခုအဖြစ် စတင်ခဲ့ပြီး အခုလက်ရှိမှာတော့ modern web applications တွေအတွက် အလွန်အရေးပါတဲ့ language တစ်ခုဖြစ်နေပါပြီ။ ဒီတော့ JavaScript ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ပြီး ဘာကြောင့် ယနေ့ digital လောကရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေသလဲဆိုတာ လေ့လာကြည့်ပါမယ်။
၁၉၉၅ ခုနှစ်မှာ Netscape Communications Corporation နဲ့ Microsoft တို့ကြား ပြင်းထန်တဲ့နည်းပညာတိုက်ပွဲတခုဖြစ်ပွားခဲ့ပါတယ်။ Netscape ဟာ HTML ရဲ့ static nature နဲ့ Java ရဲ့ လုပ်ဆောင်နိုင်စွမ်းမျိုးတွေကို ပေါင်းစည်းပြီး ပေါ့ပါးမြန်ဆန်တဲ့ scripting language အသစ်တခုကို ဖန်တီးချင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Netscape ရဲ့ programmer တဦးဖြစ်တဲ့ Brendan Eich ဆိုသူဟာ အဆိုပါ language ရဲ့ ပထမဦးဆုံး ဗားရှင်းကို ၁၀ ရက်အတွင်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အစောပိုင်းမှာ Mocha နဲ့ LiveScript လို့ နာမည်အသီးသီးပေးခဲ့ကြပြီး နောက်ပိုင်းမှာတော့ Java ရဲ့ လူကြိုက်များမှုကို အသုံးချပြီး JavaScript လို့နာမည်ပြောင်းပေးခဲ့ကြပါတယ်။
JavaScript ဟာ အစောပိုင်းကာလတွေမှာ မတူညီတဲ့ version တွေရဲ့ ကွဲပြားခြားနားမှုတွေကြောင့် ပြဿနာအများအပြား ရင်ဆိုင်ခဲ့ရပါတယ်။ ၁၉၉၇ ခုနှစ်အရောက်မှာတော့ JavaScript ကို European Computer Manufacturers Association (ECMA) က ECMAScript (ES) အဖြစ် စံသတ်မှတ်ပေးလိုက်ပါတယ်။ အဲဒီ စံနှုန်းသတ်မှတ်ချက်ဟာ JavaScript ကို ပိုပြီး ကြီးထွားလာစေခဲ့တာပဲဖြစ်ပါတယ်။
ECMAScript 5 (ES5) လိုခေါ်တဲ့ version ကို ၂၀၀၉ ခုနှစ်မှာ release လုပ်ပေးခဲ့ပြီး အဆိုပါ version ဟာ developer တွေအတွက် ကြီးမားတဲ့ အလှည့်အပြောင်းတခုကို ဖန်တီးပေးခဲ့ပါတယ်။ အထူးသဖြင့် ES5 မှာ strict mode, JSON support, Array manipulation စသည့်ဖြင့် တော်တော်လေး အသုံးဝင်တဲ့ feature တွေကို ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ ES6 (ECMAScript 6) ကိုတော့ ၂၀၁၅ ခုနှစ်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ES6 ကြောင့်ပဲ JavaScript ရဲ့ အခန်းကဏ္ဍဟာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။။ ES6 မှာ arrow functions, classes, modules, template literals စသည်ဖြင့် ထည့်သွင်းပေးခဲ့ပြီး Developer တွေအတွက် အကောင်းဆုံးသော စွမ်းဆောင်ရည်တွေကို ပေးစွမ်းခဲ့ပါတယ်။
JavaScript ရဲ့ တိုးတက်ပြောင်းလဲလာမှုကြောင့် Third-party Framework တွေ၊ Libraries တွေ အများအပြားပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါ Frameworks နဲ့ Libraries တွေထဲကမှ jQuery, AngularJS, React, Vue စတာတွေဟာ လူကြိုက်များ ကျော်ကြားပါတယ်။
jQuery: ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး၊ HTML document manipulation, event handling, animation စတာတွေကို လွယ်ကူစွာ လုပ်ဆောင်ပေးနိုင်ပါတယ်။
AngularJS: Google ကနေ ၂၀၁၀ ခုနှစ်မှာ release လုပ်ခဲ့ပြီး၊ Single-page applications (SPAs) တွေကို လျှင်မြန်စွာ ဖန်တီးပေးနိုင်ပါတယ်။
React: Facebook ကနေ ၂၀၁၃ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး၊ Component-based architecture, Virtual DOM, One-way data binding အစရှိတဲ့နည်းပညာတွေကြောင့် UI development ပိုင်းကို လွယ်လွယ်ကူကူ ကိုင်တွယ် လုပ်ဆောင်ပေးနိုင်ပါတယ်။
Vue.js: Evan You ဆိုသူက ၂၀၁၄ ခုနှစ်မှာ ဖန်တီးခဲ့ပြီး၊ ရိုးရှင်းပြီး Flexible ဖြစ်တဲ့အတွက် အတော်များများ လက်ခံအသုံးပြုနေကြတာဖြစ်ပါတယ်။
JavaScript ဟာ Java နဲ့ ဆက်စပ်မှုမရှိပေမယ့်၊ Java ဟာ ၉၀ ခုနှစ်ဝန်းကျင်မှာ လူကြိုက်များတဲ့အတွက် ဈေးကွက်အမြင်အရ JavaScript အဖြစ်နာမည်ပေးခဲ့တာဖြစ်ပါတယ်။ JavaScript ဟာ Single-threaded ဖြစ်ပေမယ့်၊ Event loop သဘောတရားကြောင့် asynchronous ပုံစံလိုမျိုး အလုပ်လုပ်ပေးနိုင်ပါတယ်။ တချိန်က Browser ထဲမှာသာ အလုပ်လုပ်ခဲ့ပေမယ့် အခုအခါမှာတော့ Node.js လိုမျိုး Environment တွေကြောင့် Server-side, Desktop applications, IoT devices စသည်ဖြင့် နေရာတိုင်းလိုလိုမှာ အလုပ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်ပဲ JavaScript ရဲ့ စွမ်းဆောင်ရည်ဟာ Web တင်မကဘဲ၊ Mobile apps (React Native), Desktop apps (Electron), Server-side applications (Node.js) စသည်ဖြင့် နေရာတော်တော်များများမှာပါ အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် Server-side rendering အတွက် Next.js လိုမျိုး Frameworks တွေပေါ်ထွက်လာခဲ့ပြီး အသစ်သစ်သော နည်းပညာတွေဟာလည်း experimental အဆင့်မှာ ရှိနေပါတယ်။
ဒီအတွက်ကြောင့်ပဲ JavaScript ဟာ ကနဦး scripting language အဆင့်ကနေ ယနေ့ခေတ် Web Development ရဲ့ အဓိကအခြေခံအုတ်မြစ်တခုအဖြစ် ပြောင်းလဲလာခဲ့တာဖြစ်ပြီး Digital လောကရဲ့ Innovation အပေးစွမ်းနိုင်ဆုံး language တခုအဖြစ် ဆက်လက် ရပ်တည်နေဦးမှာပဲ ဖြစ်ပါတယ်။